Thiha's Blog
memoir

Oct 06, 2025

June 11 သို့မဟုတ် မမေ့နိုင်သောနေ့တစ်နေ့

June 11 သို့မဟုတ် မမေ့နိုင်သောနေ့တစ်နေ့
— scroll down — read more

June 11 သို့မဟုတ် မမေ့နိုင်သောနေ့တစ်နေ့

အောက်ပါအဖြစ်အပျက်များသည် June 11 2019 တွင် ကျွန်နော်ကြုံခဲ့ရသော ဖြစ်ရပ်မှန် ဇာတ်လမ်းတိုလေးအား ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

ဆယ်တန်းအောင်စာရင်းကြီးလည်း ထွက်ပြီးပါပြီ.....။

ထို့နေ့ မနက်ကအိမ်နှင့် အတော်ပြဿနာ တက်သည့်နေ့...

အမှတ်စာရင်း စာရွက်ကို ကြည့်တိုင်း ဒေါသထွက်မိသည်။ အဲ့ သည်ထက် ပိုကြိုးစားခဲ့ပါသည် ......။

သည် အမှတ်များသည် ကျတော့် ရလဒ်မဟုတ်...။

အတော့်ကိုပင် လွဲ ချော်နေသလိုပင်ဖြစ်သည်.......။

မကျေနပ်ပေ။ ပညာရေး ဦးစီးသို့ စာပြန်စစ်ပေးရန် လျှောက်လွှာ တင်ချင်သည် ။

အိမ်က “တင်လဲ မထူးဖူး “ဆိုသဖြင့် မိမိနဲ့ပြသနာတက်နေခြင်းပင်.....။

ဆယ်တန်း ဘဝသည် မူလတန်းမှစ အထက်တန်းကာလထိ ပေါ့ပေါ့နေ ပျော်ပျော်နေခဲ့သော ကျွန်တော့် အဖို့ အတော်ပင် ခက်ခဲသော ဘဝ ဖြစ်ကောင်းပေမည်။

ဆယ်တန်းဆိုသည်ကို ငရဲလိုပင် ခံယူထားမိသလိုလို မကျက်ချင်တဲ့ စာတွေ ကျက်ရသည် ။ မသင်ချင်တာတွေ သင်ရသည်.....။ ချုပ်ချယ်မှုကြား ရှင်သန်ခဲ့ရသည့် နှစ်......။

ထို သို့ ပေးဆပ်မှု များ ၏ ရလဒ်ကမူ မိမိလက်ထဲရှိထဲ တွင် ....... ပညာရေးဦးစီးမှ ထုတ်ပေးသောစာရွက် လေး တစ်ရွက်....

ငယ်ငယ်က ကျွန်တော့်အိမ်မှာ ဂိမ်းဆိုင်လေးပင်..... Computer စက်တွေ ဂိမ်းဆော့သူတွေ ကြား ကြီးပြင်း ခဲ့ရသည့် ကျွန်တော့် အဖို့ .....

ကြီးလာရင် ဘာလုပ်မလဲ မေးလျှင်

ကွန်ပျူတာ လေး တစ်လုံး နဲ့ပဲ အသက်ရှင်ချင်သည်။

ဘာလုပ်မို့ လဲ မေးပါက ကွန်ပျူတာကိုင်ရတာ အကုန်လုပ်ချင်လို့ ဖြစ်သည် ဟုဖြေလိမ့်မည်။

၉တန်း တုန်းက မှတ်မှတ်ရရ Android ဖုန်းလေးထဲ Termux လေး သွင်း အကိုတစ်ယောက်ပေးတဲ့ ဘာမှန်းမသိတဲ့GitHub က beautifulsoup Python script လေး ယူပြီး သူငယ်ချင်း တွေ Fb acc ကို “သားရီး login လိုက်” ဆိုပြီး လိုက် phish ဖူးသည်။

ပြီးတော့ “No system is safe” ကားကြည့်ပြီး

ထိုအချိန် တည်းက ရည်မှန်းချက်ကြီးကြီးမားမားရှိ သွားသည်........။

ဘဝတွင် အကောင်းဆုံး ဆိုသည် များကို မတပ်မက်မိ။ အတော်ဆုံး ဆိုသည်လဲ မဖြစ်ချင်......။ သို့သော် ကျွန်တော် စိတ်ပျက်မိ သည် .....။

သည် အမှတ်နှင့် ကျွန်တော် လိုချင်သော အရာသည် မရနိုင်ကောင်းပေ.....။ သို့သော် အခွင့်ရေးတခုရှိပါဦးမည်.....။

ဂိမ်းဆိုင် တွင် အရမ်းခင်ရသော အစ်ကို တစ်ဦးက အခြေခံပညာရေးဦးစီး သို့ လျှောက်လွှာ ပြန်တင်ရန် လိုက်ပေးမည် ဟုဆို၍

နှစ်ယောက်သား အတူတူ ADထိပ်သို့ bus ကားစီး၍ ထွက်လာခဲ့ပါသည် ။

ပါရမီလမ်းပေါ် လျှောက်ရင်း အခြေခံပညာစာစစ်ဦးစီးသို့

တုန်ချိချိ လျှောက်နေသည့် ကျတော့် ခြေလှမ်းများ ကလဲ မျှော်လင့်ချက် ရေးရေးလေးနှင့် ......။

စာရေးမ ဆရာမကပြောသည် စာပြန်စစ်ရန် လျှောက် လွှာတင်မည်ဆိုပါက ၁ ဘာသာ ၂သောင်းခွဲ ဟုဆိုသည် ။ မတတ်နိုင်တော့ပေ .....။

တစ်နေ့ကမှ ရထားသော မုန့်ဖိုးလေးနှင့်လဲ မလုံလောက်တော့...... ဖျောရတော့မည်။

မထူးတော့ပေ..... ။ အမေ့ကို ပူညံပူညံ နှင့် လှမ်းတောင်းရတော့မည် ။

“Hello အမေ .................................”

“မသိဖူးအမေ...ရှိသမျှ မုန့်ဖိုး အကုန်ဖြတ်ထားဗျာ လောလောဆယ် ပိုက်ဆံ wave money နဲ့ လွှဲလိုက် ......“

ဟု ကိုယ်ရှာ ကျွေးနေသည့် လေသံဖြင့် မရမက ဂျီ ကျပြောမိရင်း...... စိတ်ထဲတွင်

အမှတ်ကိစ္စ နှင့်ပတ်သတ်၍

“ ငါတော်တော် အသုံးမကျပါလားကွာ .....” ဟု ၍သာ

ထို့နောက် အတူလိုက်လာပေးသော အကိုအား

“ ကိုကြီး ပို့လိုက်ပြီတော့ ပြောတယ်ဗျာ ..... ဒီနားမှာ Wave moneyဆိုင်လိုက်ရှာရအောင်”

“ဟုတ် ပြီ ညီ ဒီထိပ်နား ထွက်ရင်း လိုက်မေးကြည့်ရတာပေါ့ ..... ”

စာစစ်ဦးစီး ဌာန ရုံး ထိပ်ရှေ့ ထွက်တော့

ခပ်ငယ်ငယ် အရွယ်ဆိုက္ကားဆရာ တယောက်တွေ့သည် ။

သူသိလောက်မည် အထင်ဖြင့်အကိုက ဦးဆောင်၍

“ ညီလေး.... ဒီနားမှာ wave money ထုတ်လို့ရမဲ့ ဆိုင်လေး ရှိမလား “

သူ့ပုံစံက ကျတော့်ထက် ၂ နှစ်လောက်တော့ကြီးမည်။ ပိန်ပိန် လတ်လတ် အသားအရေ နှင့် ..... ဆိုက္ကားဆရာ တို့ထုံးစံတိုင်း ခမောက် ဆောင်းထားသည်

“ရှိတော့ရှိတယ် အကို .... ယောဂီကျောင်းလမ်းနားလောက်မှာ .... ဝေးတော့ ဝေးတယ် လမ်းလျှောက်မယ်ဆို နဲနဲတော့ ကြာလောက်တယ် ဒီ တန်းတန်းမှာပဲ ........ “

ကျတော်ကလဲ ပြန်လာမည့် အချိန် မမှီမည်စိုး၍

“ မထူးပါဖူးကိုကြီး သူ့ပဲ တစ်ခါထဲ အသွားပြန် ငှါးသွားရအောင်ဗျာ ၂ နာရီဆို ရုံးက ပိတ်တော့မှာ “

“ဟုတ်အကို တက်တက်........”

လမ်း တလျှောက်လုံးတွင် ကျွန်တော်က စကားတလုံးမှ မပြော ..... ငြိမ်သက်လျက်။

သူက ခြေနင်းပြားလဲ ဖိနင်းရင်း အကိုကလဲ သူနှင့် စကား တပြောပြော လိုက်ပါလာခဲ့သည်

Rc2 ဝန်းကြီးနား ရောက်သော် အကိုက

“ ဒီနားက တက္ကသိုလ် ဝန်း ပဲကိုး ..... တက္ကသိုလ် တုန်း ဘဝဆိုကွာ........

အပင်ရိပ်အောက် ဂစ်တာလေး တီးလိုက် ဖွန်ကြောင်လိုက်နဲ့ ငပြောင်တွေနဲ့ ပတ်မွှေလိုက် ဖဲလေးရိုက်လိုက်နဲ့...... ပတ်ပျော်နေတာပဲ

တခါတုန်းကဆို အဆောင်မှာဆို ဖဲစုရိုက်လို့ အဆောင်မှူး လာတာနဲ့ ဝုန်းခနဲ......ပိုက်ဆံ အကုန်ပုဆိုးနဲ့ အုပ်”

“ပြီးမှ မသိချင်ယောင်ဆောင် ဒိုးဇက် ဆက်နေသလိုလို ဘာလိုလိုနဲ့ ဟဲဟဲ..... “

“သူငယ်ချင်းတွေထဲဆို လူစုံပဲ ဘာလာလာ အကုန်ဒေါင်းတဲ့ ကြွက်တွင်း ရှက်ကီသမားကောင်နဲ့....... နေရာတကာ စောင််ခွက် လိုက်ပြောင်နေတဲ့ကောင် ဘယ်ဆော်လိုက်လိုက် မရတဲ့ ကောင်နဲ့ သီချင်းဆိုပြီ ဆိုတာနဲ့ အမှန်ကန် တီးပေးတဲ့ ဂီတ ဘိုးအေနဲ့ လူစုံတက်စုံ.......................”

အကို ပြောနေသည်ကို သူ အားကျကျနှင့် နားထောင်နေမိဟန် တူသည် ။ သူ ပြုံးပြုံးရွှင်ရွှင် ခေါင်းတငြိမ့်ငြိမ့်......

Wave money ဆိုင်ရောက်၍ ပိုက်ဆံ ထုတ်ပြီးနောက် နေ့လည်စာပါ စားခဲ့သည် ။ သူက ထိုင်စောင့်ပေးသည်။

အပြန်လမ်းတွင် သူက အကိုကို့စမေးသည်

“အကိုတို့က အမှတ်စာရင်း လာထုတ်ကြတာလားဗျ....”

“အင်း .... အမှတ်စာရင်းထုတ်တာတော့ မဟုတ်ဖူး..... နောက်ကညီက သူ ထင်သလောက် အမှတ်မရလို့ စာပြန်စစ်ပေးဖို့ လာတင်တာ...... ”

“ဟုတ်လားအကို ...... hehe ကျတော် ကတော့ မအောင်ပါဖူးဗျာ ဒီနှစ်လဲ........”

“ဖြေတာတော့ ၃နှစ်ရှိပြီ ဒါနဲ့ဆို ဟီဟီး။ ကျတော်လဲ ကြိုးစားတာပဲဗျာ မအောင်ဖူးဗျ........”

“ကျတော်က တက္ကသိုလ် တက်ချင်တာ ကိုကြီးရဲ့......

အကိုခုနက ပြောတဲ့ တက္ကသိုလ် အရသာလေး ခံစားချင်တာလေးပါ.....”

“ဘာရယ် မဟုတ်ပါဖူး ကိုကြီးရယ် ကြီးကြီးမားမားတွေလဲ မရည်မှန်းပါဖူး တစ်နှစ်လောက်ပါပဲ ......”

“ပြီးရင် အဝေးသင်ပြောင်းပြီး အလုပ်လေးပဲလုပ်မှာပါ”

“အမေ့ကိုတော့ ပြောထားတယ် ဒီနှစ် နောက်ဆုံး ကြိုးစားချင်လို့ပါ ဆိုပြီး ...... ဒီလိုပါပဲ မနက်ပိုင်း ဆိုက္ကားဆွဲ ညနေပိုင်း ကျူရှင်ပြေးတက်ပေါ့ဗျာ.......”

“အမေက စာစစ်ရုံးထိပ် နားမှာ အသုပ်ဆိုင်ဖွင့်ထားတာ ဆယ်တန်းအောင်တယ် ဆိုပြီးတော့တော့ အမေ့ကို ဂုဏ်ယူ စေချင်တာ ဗျ.......”

“ပြီးတော့ အကိုပြောတဲ့ တက္ကသိုလ် အရသာလေး ၁ နှစ်လောက်လေးပဲ ခံစားချင်တာပါဗျာ .......

“ အရင်တုန်းကလည်း ကျတော် ကျူရှင်တွေ မပြေးပါဖူး သေချာ ကျက်မှတ်ပါတယ် ....... ဒါပေမယ့် အကိုရယ် ဘာလို့ ခုထိ မအောင်သေးမှန်းမသိဖူးဗျ..... ဟဲဟဲ“

သူပြောနေသည့်လေသံ တွင် အားကျစိတ် နှင့်ရွှင်မြူးမြူး သည် လေသံ သာပါသည် ။ မှိုင်တိုင် စိတ်ဓာတ်ကျသည်မျိုး မဖော်ပြပေ ......

အကိုကလဲ သူ့ကို သနားပြီး ........

“ အင်းညီလေး ...... ဒါလိုပါပဲ ဆယ်တန်းဆိုတာက ကံ နဲ့ ဆိုင်သလိုပဲ စာကျက်တဲ့ အထာကလဲ ရှိသေး

ဒီ တိုင်း ဒုံးတိ ကျက်တာထက် စာရင်း အတိုလေးကောက် point လေးတွေ နဲ့ ဖြတ်ဖြတ်ကျက်”

“ဟိုအပုဒ်ဆိုရင် point ဘယ်နှခု ရှိတယ် ဘာညာ မှတ်ပေါ့ စာမေးပွဲရောက်ရင် အေးဆေး စဉ်းစားပြီး ရတာသာ ချရေး ...... “

“အကိုဆယ်တန်း တုန်းကဆို အကို့ အိမ်နားက ကောင်မလေးက စာတွေ ရှယ်အော်ကျက် တာ

အကိုကတော့ ဘာမှမလုပ်ပဲ ပျော်ပျော်ပါးပါးပဲ ညဆို သူစာကျက်ပြီဆို ကိုယ်က အိပ်ရင်း ထိုင်နား ထောင် နေတာ ...... သူက အခေါက် ၃၀ လောက်ထိုင်အော်တာ

အကိုက ထိုင်နားထောင် ပီးရင် ပုံနှိပ်လေးထုတ် ရသလောက်လေး ပြန်ရွတ်ကြည့် ..... အယ့် ပြီးတာနဲ့ စာရသွားရော ....... “

“Physics ဖြေတုန်းကဆို ဟို ဓာတ်မီးပုံ ကြီးဆွဲရတာ (Oscilloscope ကို ဆိုလိုခြင်းဖြစ်သည်) ကိုယ်လဲ မမှတ်မိတာနဲ့ ဓာတ်မီး ပုံလေး စိတ်ထဲကမှန်း

ပီးတော့ ကိုယ်ထည်လေး ပေါ်အောင်ဆွဲ ပီးတော့ စဉ်းစား သမျှ မှတ်မိတာလေး လျှောက်ထည့်”

“အင်း...... အဲ့တာနဲ့ပဲ ပုံလေး ထွက်လာရော အပြည့်မမှန်တောင် အမှတ်လေး ရှာကြံရတာပေါ့ကွာ အဲ့လိုမျိုး ရသလောက် လေး ရှာကြံပေါ့

ပီးတော့ သင်္ချာ ဆိုရင်........... “

အကိုပြောသမျှ အကုန်ကို ရယ်ရယ်ရွှင်ရွှင်ဖြင့်

သူ သေချာ အာရုံ စိတ်ရုံ နားထောင် နေလေသည်။

သူဂုန်းတက်ကိုပင် သတိမထားပဲ အားဖျော့ဖျော့ သာ နင်းနေ လေသည် ။

ဆိုက္ကား နောက်ပြန် လျှောကျ တော့ မလို ဖြစ်ရင်း

ကျတော် တောင်ဆင်းတွန်း ပေးလိုက်ပါသည်...။

“ဟီဟီး ဆောတီး အကို.... အကို ပြောတာ သေချာနားထောင် နေလို့ ဂုန်းတောင် မမြင်ဖူးကျေးဇူးပါ အကိုရာ ......”

သူ့ မျက်နှာသည် ကျတော့်ကဲ့သို့

ဝမ်းနဲနေခြင်း မှိုင်တိုင်နေခြင်းအလျဉ်း မရှိ ..... ။

ကျွန်တော် ကိုယ့်ကိုယ်ကို စိတ်ပျက်မိသည်။

သူကား သူရည်မှန်းသည့် ဆယ်တန်း စာမေးပွဲ မအောင်။ သူ့ရည်မှန်းချက် ဖြစ်သော တက္ကသိုလ် ကျောင်းသား ဘဝလေး အတွက် သူ အားမလျော့ပဲ ကြိုးပမ်း နေသေးသည်။

ကျတော်ကား ရည်မှန်းသလောက် ဂုဏ်ထူး အမှတ်များ မရ ....... တက်ချင်သည့် တက္ကသိုလ် အမှတ် မမှီ မည်စိုး၍ မိဘ ပိုက်ဆံ ထပ်ဖြုန်းမည့်သူ

“ နောက်က အကိုက တော်တယ်ဗျာ ..... ဂုဏ်ထူးတွေ တောင် ပါတယ် hehe အကို့ အမေတော့ ဂုဏ်ယူ နေမှာပဲဗျ........“

ဤ ကား သူ့ရင်ထဲက လာသည့် စိတ်ရင်းပင်.......။

ကျတော့် ပြန်တုန့် ပြန်စရာ စကားမရှိခဲ့ပါ........။

ဆိုက္ကား နောက်ခုံ တွင်သာ ထိုင်ရင်း သူ့စကားများ ကြောင့် မျက်ရည်ဝဲ ခဲ့ရသည် ........။

မင်းကွန်းဆရာတော် မိန့်ကြားဖူးသည့် စကားလေးတခွန်း အားအမှတ်ရမိသည်......။

ဘဝမှာ မိမိကိုယ်ကို အရမ်းတော်နေတယ် ထင်လို့ မာန တွေ ကြီးလာတဲ့ အခါ ကိုယ့် အထက်ကလူတွေကို ကြည့်ပြီး ဘဝင်ကို နှိမ့်ချပါ ...... မိမိကိုယ်ကို အသုံးမကျဖူးလို့ အားငယ်စိတ်ဝင်လာ တဲ့ အခါ ကိုယ့် ထက် နိမ့်ကျတဲ့ သူတွေကို ကြည့်ပြီး သူတို့ ငါ့ထက် ဆိုးပါလား ဟူ၍ အားပြန်မွေး တတ်ပါစေ Unknown ကျွန်နော့် စိတ်ထဲတွင် ကိုယ်ချင်းစာစိတ်တခု ဝင်လာသည်။ ကျွန်နော့် ပြသနာမှာ သူ့ထက်စာရင် မပြောပပေ......။

သူ့ကို အောင်စေချင်စိတ်ဖြစ်ပေါ်လာစေသည်။

စာစစ်ဦးစီး ဌာန ရှေ့ ရောက်သော် ဆိုက္ကား ပေါ်ကဆင်းရင်း

“ အကို ကျေးဇူးပါပဲဗျာ ..... ခူလို ပြောပြပေးတာ ..... ကျတော် ဒီနှစ်တော့ အကိုပြောသလို ကြိုးစားပြီဗျာ .......... ၃နှစ်ဆိုတော့ ၃ဆ ကြိုးစားပြီဗျာ .......ဟီဟီး “

သူ့စကားများ ကြောင့် ကျတော် လမ်းမှန် မြင်ခဲ့ပါသည်။

ဘဝ၏ ကံကြမ္မာ ဆိုသည့် အရာသည် အမြဲ တမ်း အကောင်းများချည်းသာ မဖန်တီးပေးပေ

အဆိုးများ ကြုံလာလျှင်လဲ ဖြေလျော့တတ်ရမည်.......

သူ့ စကားလုံးများသည် သူ့စိတ်ရင်းက မရည်ရွယ်သော်လည်း

“မင်းဘဝ ငါ့လောက်မဆိုးပါဖူးကွာ” ဟု မပြောနေရုံ

တမယ်သာ ..........

သူ့ကြောင့် လောကကြီးရဲ့ ဘဝ နေနည်း သင်ခန်းစာ တချို့ကို ကျတော် နားလည်ခဲ့သည်။ ရသမျှကို ရောင့်ရဲ နိုင်ခဲ့သည်။ ကျတော့်အား ဘဝ အကြောင်းကို မိနစ် ၂၀ စာ lecture ပေးခဲ့သော ကျေးဇူးရှင်ပင်.........

သူဒီ နှစ် တော့ ဆယ်တန်း သေချာပင် အောင်လောက်ပါပေမည်။

အောင်ပါစေ ဟုလည်း ဆုတောင်းမိပါသည်။

သူ့ အတွက် ၁နှစ်တာ တက္ကသိုလ်ကျောင်းသား ဘဝ အရသာလေးကို ခံစားခွင့်ရပါစေ ဟုလည်း ဆုတောင်း မိကာ

မနှစ်က ပါရမီ လမ်းပေါ်ရှိ တခဏတာ ဖြစ်ရပ်တို့အား ငေးမော တမ်းတရင်း........

သီဟလင်း (၁၈-၅-၂၀၂၀)


Share this post

June 11 သို့မဟုတ် မမေ့နိုင်သောနေ့တစ်နေ့